ပုဏ္ဏစု နှင့် တိမ်ပြာကျေးရွာတို့တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်
ငလျင်ပြီးနောက် မြန်မာနိုင်ငံရှိ အချို့သော ကျေးလက်ဒေသများ အထူးသဖြင့် လူအရောက်နည်းသော ဒေသများတွင် အခက်အခဲများကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါသည်။
မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ ပုဏ္ဏစုကျေးရွာနှင့် တိမ်ပြာရွာတို့တွင် ရာနှင့်ချီသော အိမ်ထောင်စုများသည် ပြန်လည် ထူထောင်နိုင်ရေးအတွက် အခက်အခဲများကို ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ရိုးမလုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်သူ Melvyn Pun မှ ပုဏ္ဏစုကျေးရွာသို့ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ခဲ့ပါသည်။
အိမ်ထောင်စုပေါင်း ၃၀၀ နီးပါးနေထိုင်သည့် အဆိုပါကျေးရွာများတွင် ငလျင်ဒဏ်ကြောင့် အိမ်ခြေပေါင်း ၈၀ ကျော် ပျက်စီးခဲ့ကာ အသက်ဆုံးရှုံးမှုများလည်း ရှိခဲ့ပါသည်။ အခြေခံ လိုအပ်ချက်များ ရှိနေသေးသည့်အတွက် Melvyn Pun ဦးဆောင်သည့် အဖွဲ့သားများသည် ဆန်၊ ဆီ၊ အသင့်စား အစားအစာများပါဝင်သည့် စားနပ်ရိက္ခာအထုတ်ပေါင်း ၃၀၀ နှင့် LED မီးအိမ်များ၊ ဓာတ်မီးများကို ဖြန့်ဝေပေးခဲ့ပါသည်။
ရေရှည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအနက် ယာယီနေအိမ်များ ဆောက်လုပ်ရာတွင် အထောက်အကူဖြစ်စေရန် ဝါးတိုင်များနှင့် တာလပတ်များကိုလည်း ပေးဝေခဲ့ပါသည်။
ရိုးမလုပ်ငန်းစုအနေဖြင့် ကျေးလက်နေပြည်သူများ ပြန်လည်ထူထောင်ပြီး ရှေ့ဆက်လှမ်းနိုင်ရန် ဆက်လက်ကူညီ ပံ့ပိုးပေးသွားမှာ ဖြစ်ပါသည်။